မဝင်းမြတ်သူအား ရောင်းစားခဲ့သူ အပါအဝင် လူကုန်ကူးမှု တရားခံ (၃)ဦး ဖမ်းဆီးရမိ

မန္တလေးမြို့မှာ အမျိုးသမီး (၂) ဦးကို တရုတ်မယားအဖြစ်ရောင်းစားတဲ့ လူ (၃) ဦးကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း အမှတ် (၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့စု (မန္တလေး) မှ သိရပါတယ်။အသက် (၃၀) အရွယ်ရှိတဲ့ အမျိုးသမီး၊ အသက် (၃၉) နှစ်အရွယ် အမျိုးသမီးတို့ (၂) ဦး မိသားစု အခက်အခဲရှိနေတာကြောင့် အလုပ်လုပ်ကိုင်ရန် အလုပ်ရှာဖွေပေးရန် နိုင်လင်းကို ဆိုသူနဲ့ ဆက်သွယ်ခဲ့ရာ အဆိုပါ နိုင်လင်းကိုမှ တရုတ်နိုင်ငံမှာ တရုတ်ဇနီးမယားအဖြစ် အလုပ်လုပ်ကိုင်ပါက မြန်မာငွေ သိန်း (၄၀) ကျပ်ရရှိမည်ဖြစ်ကြောင်း ပြောဆိုကာ တရုတ်ပြည်ကို ပို့ဆောင်ပေးနိုင်မဲ့ ငွေထုတ်ပေးသူနဲ့ ချိတ်ဆက်ပေးခဲ့ကြောင်းလည်းသိရပါတယ်။

ဒီဇင်ဘာလ (၁၁) ရက်နေက့ ဇင်မာအေး (ခ) ညိုပြာအေး (ခ) ထက်ထက် ဆိုသူ နဲ့ သီတာအေး တိုဟာ အဆိုပါ အမျိုးသမီး (၂) ဦး တည်းခိုနေထိုင်သည့်နေရာကို လာရောက်တွေ့ဆုံပြီး ဓာတ်ပုံများရိုက်ကူးကာ တရုတ်နိုင်ငံမှာနေထိုင်သူ မမိုးမိုးဆီ ပေးပို့ခဲ့တယ်လို့ မှုခင်းမှတ်တမ်းများမှ သိရသည်။တရုတ်ဇနီးမယားအဖြစ် အလုပ်လုပ်ကိုင်ပါက ရရှိမယ့် မြန်မာငွေ သိန်း (၄၀) ကျပ်ကို ချင်းရွှေဟော်သို့ ရောက်ရှိပါက တစ်ဦးလျှင် ငွေသိန်း(၄၀) ကျပ်ထုတ်ပေးမယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ကောင်မလေးတွေကို တရုတ်ပြည်မှာ ရောင်းစားဖို့ သယ်ဆောင်တယ်ဆိုသော သတင်းရရှိတဲ့အတွက် မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့စုမှ လမ်းကြောင်းမှာ တားဆီးစစ်ဆေးခဲ့ရာ လူကုန်ကူးဖို့ လုပ်တဲ့သူတွေကို ဖမ်းဆီးရမိတယ်လို့ အမှတ် (၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့စု (မန္တလေး) က တာဝန်ရှိသူတစ်ဦးကပြောဆိုပါတယ်။ အမျိုးသမီး (၂) ဦး ကို တရုတ်ပြည်ကို ပို့ဆောင်ဖို့မန္တလေးကနေမူဆယ် ကို သွားတဲ့ကားနဲ့အသွား (၁၆) မိုင် စစ်ဆေးရေးဂိတ်မှာ စစ်ဆေးလိုက်ချိန် မှာဖမ်းဆီးရမိခဲ့ခြင်းလည်းဖြစ်ပါတယ်။


အခုလိုဒီဖြစ်စဉ်နှင့်ပတ်သက်ပြီး နိုင်လင်းကို၊ ဇင်မာအေး (ခ) ညိုပြာအေး (ခ) ထကထက်နဲ့အတူ သီတာအေး တို့ကို အမှတ် (၉) ရဲစခန်းက (ပ)၁၁၁၈/၂၀၁၉ ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရပါတယ်။အဆိုပါဖမ်းဆီးထားသော တရားခံများမှ ဇင်မာအေး (ခ) ညိုပြာအေး (ခ) ထက်ထက်ဆိုသူသည် စစ်ကိုင်းတိုင်း မင်းကွန်းတိုက်နယ် ကင်းရွာမှ မဝင်းမြတ်သူ အား တရုတ်ပြည်သို့ ပို့ဆောင်ခဲ့သူ မဝင်းမြတ်သူရဲ့ အဒေါ် မစန်းစန်းမူနှင့်အတူ ပါဝင်ခဲ့သော တရားခံဖြစ်ကြောင်းလည်းသိရပါတယ်။

Credit;Every Time Story | E.T.S


Comments