နှစ်တစ်သောင်းကျော်သို့ အလည်တစ်ခေါက်

ပြဒါးလင်းဂူ(၂)သို့သွားရာလမ်းကိုတွေ့ရစဉ်။ ယင်းဂူသည်မြန်မာနိုင်ငံ၌အကြီးဆုံးဂူဟုလည်းဆိုကြသည်။

ယခုတစ်ခေါက် ရှမ်းပြည်နယ် တောင်ပိုင်းသို့ သွားသောခရီးမှာ ယခင် ခရီးစဉ်များနှင့် လုံးဝမတူ။ ဖြစ်ပုံက ပင်းတယဘက်သို့ Trekking သွားမည်ဟု စီစဉ်ထားရာမှ ကျောက်ခေတ် ယဉ်ကျေးမှု ဒေသဟု ကျော်ကြားသော ပြဒါးလင်းဂူသို့ ရောက်ခဲ့ခြင်း ဖြစ် သည်။

ပြဒါးလင်းဂူသို့ ခရီးမှာ မြို့ကြီးပြကြီးနှင့် နီးနီးလေး မဟုတ်။ တောတွင်းလမ်းလျှောက် တစ်နာရီခန့်ဟု သိထားသဖြင့် Trekkingလည်း လျှောက်ဖြစ်မည်၊ ကျောက်ခေတ် နံရံပန်းချီများလည်း ကြည့်နိုင်မည်ဟု ယူဆ၍ ပြဒါးလင်းဂူ ခရီးကို စဖြစ်ခဲ့သည်။

ကျောက်ခေတ်လူသားများ နေ ထိုင်ခဲ့ရာ နေရာသို့ သွားရောက်ခဲ့ခြင်းကြောင့်လားတော့ မသိ၊ ခရီးစဉ်က ထင်ထားသည်ထက် ပိုမိုရှည်လျားခဲ့သည်။ ကားဖြင့်တစ်မျိုး၊ ဆိုင်ကယ်ဖြင့် တစ်သွယ်၊စက်လှေဖြင့်တစ်ဖုံ၊ လမ်း လျှောက်၍ တစ်လီရောက်တော့မည် ဆိုသည့်စိတ်ဖြင့် အံကိုခဲလျက်။ ကလောမှ ရွာငံ၊ ရွာငံမြို့ အစွန်ဆုံးအပိုင်း မှ ရေနဲရွာဆီသို့ တောင်ကြားလမ်း အတိုင်း ဆက်လက်။

တောင်ပတ်လည် ဝိုင်းထားသော ရေနဲရွာမှ ဆိုင်ကယ်ဖြင့် ကင်းတားဆည်၊ ကင်းတားဆည်အတွင်း စက်လှေ နှစ်နာရီကျော် စီးပြီးပါမှ ပြဒါးလင်းဂူသို့ သွားမည့်လမ်းကို စတင် ခြေချမိခြင်း ဖြစ် သည်။
ရေလယ်တွင် နေပြင်းသည့် အချိန်မို့ အပူဒဏ်ကို ထီး၊ ပဝါတို့နှင့် အကာအကွယ်ယူရင်း စက်လှေပေါ်တွင် နှစ်နာရီကျော် ခပ်ကွေးကွေး လိုက်လာခဲ့ပြီးနောက် စက်လှေပေါ်မှ ဆင်းပြီးသည့်အခါ ပန်းလောင်နှင့် ပြဒါးလင်းဂူ ဘေးမဲ့တောအတွင်း ခပ်ပြင်းပြင်း ခြေ ဆန့်ရပြီ။

ရွက်ကြွေတော ဆိုသည့်အတိုင်းပင် အပင်များတွင် အရိုးတံလေးများသာ ကျန်ရှိပြီး နေဒဏ်ကို အကာအကွယ်မရသည့် တောင်ပေါ်ရွက်ကြွေ တောအတွင်းမောရင်း နားရင်းလှမ်းရင်းနှင့် တစ်နာရီကျော် လမ်းလျှောက်ပြီးမှ သာ ပြဒါးလင်းဂူသို့ ရောက်တော့သည်။

ပြဒါးလင်းဂူသည် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ် ရွာငံမြို့၏ အနောက်ယွန်း ယွန်း ၁ဝ မိုင်ခန့် အကွာတွင် တည်ရှိသည်။ ညောင်ချပ်ရွာမှ အရှေ့မြောက်ဘက်သို့ လေးမိုင်နှင့် ရေဘုတ်ရွာဟောင်းမှ အနောက်ဘက်သို့ တစ်မိုင်ကျော် ကွာဝေးသည်။ ဂူသို့ လာရောက်လိုသူများသည် ရွာငံမှ ကင်းတားဆည်ကို ဖြတ်၍ လာနိုင်သလို ဆိုင်ကယ်ဖြင့် လာနိုင်သည့် လမ်းလည်းရှိသည်ဟု ဒေသခံအချို့ကဆိုသည်။ သို့သော်ယင်းလမ်းသည် ကြမ်းသည်ဟုဆိုသဖြင့် ကျွန်မတို့က ရေလမ်းခရီးဖြင့် လာရောက်ခြင်းြ ဖစ်သည် ။
ပြဒါးလင်းဂူသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေတစ်ထောင်အမြင့်တွင် ရှိပြီး ဂူပုံစံသည် ပုတတ်ခေါင်းထောင်နေသကဲ့သို့ ခပ်မြင့်မြင့် ခပ်မော့မော့ ရှိနေ၍ ပုတတ်လိုဏ်ဟု ခေါ်ကြရာမှ ပြဒါးလင်းဂူ ဖြစ်လာသည် ဟုဆိုသည်။

ဂူအမှတ်(၁) နှင့် (၂) ဟူ၍ရှိပြီး ကျောက်ခေတ်နံရံ ပန်းချီများသည် ဂူအမှတ် (၁) တွင် ရှိသည်။ ဂူနှစ်ခုစလုံးသည် ထုံးကျောက်ဂူ အမျိုးအစားများပင်ဖြစ် ပြီး ဂူအမှတ်(၂) တွင် နံရံပန်းချီမရှိသော်လည်း ဂူပုံစံက မြန်မာပြည်ရှိ အခြားထုံးကျောက်ဂူများ ထက် ထုထည်နှင့် ဧရိယာပိုမိုကြီး မားသည်။ မြန်မာပြည်၌ရှိသော ဂူများအနက် အကြီးဆုံးဂူဟုလည်း ဆိုကြသည်။

ဂူအမှတ်(၂)သည် ဂူကြီး ငါးခု တစ်ဆက်တည်း ဖြစ်နေပြီး၊ ပေ ၈၀၀ ခန့် ရှည်လျား၍ အကျယ်ဆုံးနေရာမှာ ပေ ၃၀၀ ခန့်၊ အမြင့်ဆုံးနေရာမှာ ပေ ၉၀ ခန့် ရှိသည်။ဂူအတွင်းရှိ ကျောက်စက်ပန်းဆွဲ များ၊ ကျောက်လည်တိုင်များမှာ အလွန်လှပပြီး ဂူအမိုးပေါက်မှ တစ်ဆင့် နေရောင်ဖြာကျနေသဖြင့် အတွင်းပိုင်းသည် လင်းလင်းကျင်း ကျင်း ရှိနေကာ အေးမြနေသည်။

ဂူအမှတ်(၁) နှင့်(၂) သည်အနည်းငယ်ကွာဝေးပြီး ဂူပေါက်နှစ်ခုစလုံးမှာ တောင်ဘက်သို့ မျက်နှာမူထားသည်။ ဂူအမှတ်(၁) ရှိ ကျောက်ခေတ် နံရံပန်းချီများရှိရာ နေရာကို  သံဆန်ခါများ  ကာရံ ထိန်းသိမ်းထားသည်။
ပြဒါးလင်းဂူတွင် လွန်ခဲ့သည့် နှစ်ပေါင်း တစ်သောင်းကျော်က ကျောက်ခတ်လူသားများ နေထိုင်ခဲ့ပြီး ဂူအတွင်း အစဉ်မီးဖိုကာ နေခဲ့ကြသဖြင့် ပြာထုလေးပေကျန်ခဲ့ကြောင်း၊ လိုဏ်ဂူအမှတ် (၁) တွင်တွေ့ရှိရသော ပြာထုအထောက်အထားများအရ ကျောက်ခေတ် လူသားများသည် လွန်ခဲ့သည့်နှစ်ပေါင်း တစ်သောင်း နှစ်ထောင်မှ တစ်သောင်းအတွင်း နေခဲ့သည်ဟု ယူဆနိုင်ကြောင်း၊ အမှိုက်စွန့်ပစ်သည့်ကျင်းမှ မီးသွေး၊ အရိုးနှင့် ခရုခွံများကို ရေဒီယိုကာဗွန်နည်းဖြင့် ဓာတ်ခွဲစစ်ဆေးသည့်အခါ ယခင်နှစ်တစ်သောင်းတစ်ထောင်မှ အနှစ်ခြောက်ထောင့် ငါးရာအတွင်း နေထိုင်ခဲ့သူများ စွန့်ပစ်ခဲ့သည့် အမှိုက်များဖြစ်ကြောင်း သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း ရေးသားသော မြန်မာ့သမိုင်း ပုံစာအုပ်တွင် ဖော်ပြသည်။

ကျောက်ခေတ် နံရံပန်းချီ များသည် ဂူအမှတ်(၁) ၏ ကြမ်းပြင်အထက် ၁၀ ပေမှ ၁၂ ပေအမြင့်တွင် ရေးဆွဲထားခြင်းဖြစ်ပြီး လက်ဝါးပုံများ၊ ငါး(ရှူးပျံ)ပုံ၊ သမင်နှင့် ဆင်များပုံ၊ ပြောင်ပုံ၊ နေပုံ၊ နွားသားအမိပုံ၊ တောဝက်ပုံတို့ ဖြစ်ကြောင်း ရှေးဟောင်း သုတေသန ဦးစီးဌာန၏ လမ်းညွှန် ဆိုင်းဘုတ်တွင်    ဖော်ပြထား သည်။

ရေးဆွဲထားသော ပုံများအနက် နေပုံ၊ လက်ဝါးပုံနှင့် ကြံ့ပုံတို့ကို ထင်ထင်ရှားရှားတွေ့ရသည်။ ပုံအားလုံးကို ဆေးနီဖြင့် ရေးဆွဲထားခြင်းဖြစ်ပြီး အချို့ပုံများမှာ ထုံးရည်များ ကျသောကြောင့် ဆေးရောင်သာ မြင်ရတော့ပြီး  သိပ်မထင်ရှားတော့ပေ။

ကမ္ဘာတစ်ဝန်းလုံးတွင် ထိုစဉ်အခါက ကျောက်ခတ် လူသားများသည် ကျောက်နံရံများတွင် အရုပ်များ ရေးဆွဲခဲ့ကြကြောင်း၊ မုဆိုးများ အမဲလိုက် မထွက်ခင် သားကောင်များများရစေရန် ဆုတောင်းရေးဆွဲခြင်းမျိုးဖြစ်နိုင် ကြောင်း မြန်မာ့သမိုင်းပုံ စာအုပ် တွင် ရေးသားထားသည်။
ထို့ပြင် ဂူတွင်ရေးဆွဲခဲ့သော သားကောင်များသည် လွန်ခဲ့သည့် နှစ်ပေါင်း နှစ်သောင်းဝန်းကျင်က ရှိခဲ့သော သားကောင်များဖြစ်ပြီး လက်ရှိတွင် တိမ်ကော ပပျောက်သွားပြီဖြစ်ကာ ၎င်းတို့မှ ဆင်းသက်လာသော သားကောင်များသာ ရှိတော့သည်ဟု ဆိုထားသည်။

ထိုစဉ်က နံရံပန်းချီဆွဲသူများ သည် ဆေးအရောင်စပ်ရာတွင် ဝေးနီး ချိန်ဆသည့်အခါ၊ အရောင်အနုအရင့်ခွဲ၍ ရေးသား ဖော်ပြရမည်ကို ကောင်းစွာနားလည် နေပုံရပြီး ပုံဆွဲပညာတွင် ထူးချွန် နေပြီဟု ဆိုနိုင်ကြောင်း ဒေါက် တာ သန်းထွန်းက ဆိုသည် ။

ပြဒါးလင်းဂူ နံရံပန်းချီများကို၁၉၆၁ တွင် ဘူမိဗေဒပညာရှင်တစ်ဦးက   စတင်တွေ့ရှိပြီး ၁၉၆၉ တွင် စတင်တူးဖော်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ရှေးဟောင်း သုတေသနဝန် ဦးအောင်သော် ဦး ဆောင်ပြီး ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ဘူမိဗေဒပညာရှင်များ၊ မနုဿဗေဒပညာရှင်များ၊ ရုက္ခဗေဒနှင့် သတ္တဗေဒ ပညာရှင် များ ပါဝင်သောအဖွဲ့က တူးဖော်ခဲ့ရာ  ကျောက်ခေတ်လူသားတို့ ရေးဆွဲခဲ့သော နံရံပန်းချီများသာ မက ကျောက်လက်နက်များ၊ တိ ရစ္ဆာန်တို့၏ အရိုးအကြွင်းအကျန် များ၊ ပြာများ၊ မီးသွေးခဲများ၊ ပန်းချီရေးဆွဲရာတွင် အသုံးပြုသော မြေနီခဲများကို တွေ့ရှိခဲ့သည်။

ပြဒါးလင်းဂူကို  ၁၉၉၄ တွင်ရှေးဟောင်းသုတေသန ဦးစီးဌာနက စတင်ထိန်းသိမ်းခဲ့ပြီး ယဉ်ကျေးမှု အမွေအနှစ် ဒေသအဖြစ်လည်း သတ်မှတ်ထားသည်။ ၁၉၉၆ တွင် ပြဒါးလင်းဂူ အမှတ်(၁) ကိုကျောက်တံတိုင်း စတင် ကာရံခဲ့ သည်။

လက်ရှိတွင်တော့ ပြဒါးလင်း ဂူသို့ ပြည်တွင်း ဧည့်သည်များ ပိုမိုလာရောက်ကြပြီး မန္တလေးမှ လာရောက်သူများသည်ဟု ဆိုသည်။သို့သော် ပြည်တွင်း ဧည့်သည်များ သည် နံရံပန်းချီကို စိတ်မဝင်စား ကြကြောင်း ဂူတွင်အစောင့်ဝန် ထမ်းအဖြစ် နှစ် ၂၀ ကျော် လုပ်ကိုင်နေထိုင်လာခဲ့သည့် ဦးလွန်းမောင် က ပြောသည်။

‘‘နိုင်ငံခြား ဧည့်သည်ပဲ နံရံပန်းချီကြည့်တာ။ မြန်မာတွေက သိပ်မကြည့်ကြဘူး၊ အလှဓာတ်ပုံပဲ ရိုက်တာ’’ဟု သူက ရယ်လျက် ပြောပြသည်။

ကျောက်ခေတ် လူသားတို့ နေထိုင်ခဲ့ရာ ပြဒါးလင်းဂူသည် အခြားခရီးသွားဒေသများ ကဲ့သို့တော့ လူစည်ကားမနေပါ။ ခရီးသွားဆို၍ ကျွန်မတို့ အဖွဲ့သာရှိပြီး ဂူအနီးတွင်လည်း အစောင့်ဦးလေး သားအဖသာရှိ၍ လူသူမနီး တောကြီး မျက်မည်းအတွင်း ရောက်နေသကဲ့သို့ပင်။

ပြဒါးလင်းဂူကို ဓာတ်ပုံဆရာ များ လက်စွမ်းပြထားသည့် ဆွဲဆောင်မှု ရှိရှိပုံများ၊ ပြက္ခဒိန်များတွင် မြင်ဖူးကြလိမ့် မည် ဖြစ်သော်လည်း လက်တွေ့ခရီးမှာမူ ကြမ်းတမ်းခက်ခဲလှသည်။ ပြဒါးလင်းဂူသို့ သွားရောက်သည့် လမ်းခရီးမှာ တောလမ်းသာဖြစ်၍ သောက်စရာရေ လုံလုံလောက်လောက် သယ်ခဲ့ရန်လည်း လိုပေမည်။ ဂူအစောင့် ဦးလေးက ရေနွေးအိုးကျို ၍ တည်ခင်းဧည့်ခံသော်လည်း ဂူဆီသို့ လျှောက်လှမ်းရသည့် ခရီးက ဝေးလှသဖြင့် လမ်းတွင် ရေငတ်မည့်ဒဏ် ခံနိုင်ရန် ရေဘူးများ သယ်ဆောင်သွားသင့်သည်။

ကားတစ်တန်၊ လှေတစ်တန်ဖြင့် အချိန်ပေးသွားခဲ့ရသော ကျောက်ခေတ် ယဉ်ကျေးမှုဒေသ မှ အချို့သော နံရံ ပန်းချီများသည် ဆေးရောင်သာမြင်ရတော့ပြီး ပုံသဏ္ဌာန် မပီပြင်တော့သော ကြောင့် နှမြောစိတ်ဖြင့် မချင့်မရဲ ဖြစ်ရသည်။

ပုံသဏ္ဌာန် ပီပြင်နေသေး သည့် ကျန်နံရံပန်းချီ အချို့မပျက်စီးစေရေး ဝိုင်းဝန်း ထိန်းသိမ်းကြ ရန်လည်း အားလုံးတွင် တာဝန်ရှိပါသည်။

ပြဒါးလင်းဂူမှ ပြန်ထွက်လာကြပြီးနောက် လှေဆိပ်ဆင်းချိန် တွင်တော့ လိမ္မော်သွေးရည်က ဆည်ရေပြင်ပေါ် ပက်ဖျန်းလျက် ရှိပြီ။ မှိုင်းညို့ညို့ တောင်တန်းများ နောက်ခံ ညနေဆည်းဆာက လွမ်းမောဖွယ်ရာ။
လေအေးအေး ၊ရေအေးအေးကြား ရှပ်တိုက်ပြေးနေသော စက်လှေပေါ် မျက်လုံးကို စုံမှိတ်လိုက်သည့်အခါ အမဲထမ်း ပြန်လာသော ရှေးဟောင်း လူအမျိုးသားကို စုဖွဲ့ကြိုနေသော ဇနီးမယားနှင့် ပုပုကွကွ သားများ၊ သမီးများ၏ ရှေးခေတ် မိသားစုပုံရိပ်များက ပေါ်လာသည်။

ပြဒါးလင်းဂူသည် ရှေးအတီတီ နှစ်ပေါင်း တစ်သောင်းကျော် က သင်္ကေတ။ ကျွန်မတို့၏ နိုင်ငံကို သူတို့က စခဲ့လေသလား။  ။

Credit;7Day News Journal

Comments