ကာမ လိမ်လည်မှုဖြင့် တရားစွဲခံရသည့် မိုးအောင်ရင်ကို ကျပ်သိန်း ၁၀၀ ခံဝန်နှစ်ဦးဖြင့် အာမခံပေး


ကာမလိမ်လည်မှုဖြင့် ရညး်စားဟောင်းဖြစ်သူ၏  တရားစွဲဆိုခြင်းကိုခံထားရသည့် သရုပ်ဆောင်မိုးအောင်ရင်ကို ကျပ်သိန်း ၁၀၀ ခံဝန်နှစ်ဦးဖြင့် အာမခံပေးခဲ့ကြောင်း ရန်ကင်းမြို့နယ်တရားရုံးမှ သတင်းပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီး ဦးထွန်းနိုင်ဝင်း၏ ပြောကြားချက်အရ သိရသည်။

မိုးအောင်ရင်ကို ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုထားမှုအတွက် ဒီဇင်ဘာလ ၁၃ရက် ရုံးချိန်းမှာ တရားရုံးသို့ မိုးအောင်ရင်က လာရောက်ခဲ့ပြီး တရားရုံးမှာ အာမခံလျှောက်ထားခဲ့တာဖြစ်ကြောင်း၊ တရားရုံးမှ သိန်း ၁၀၀ တန်ခံဝန်သူနှစ်ဦးဖြင့် အာမခံပေးခဲ့ကြောင်း၊ ဇန်နဝါရီလ ၇ ရက်ကို ပြန်လည်ချိန်းဆိုခဲ့ပြီး ယင်းနေ့တွင် မှုခင်း စီမံခန့်ခွဲမှုအစည်းအဝေးကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


“ ဒီနေ့ရုံးချိန်းမှာ စွပ်စွဲခံရသူ မိုးအောင်ရင် လာရောက်ပါတယ်။ အဲလို လာရောက်ပြီးတော့ အာမခံလျှောက်ထားတဲ့အတွက် တရားရုံးကနေပြီးတော့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၆ အရ ကျပ်သိန်း ၁၀၀ တန် ခံဝန်သူနှစ်ဦးနဲ့ အချုပ်လွတ် ထုချေခွင့်ပြုခဲ့ပါတယ်။ နောက်ရုံးချိန်းမှာ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အရ အစည်းအဝေးပြုလုပ်ဖို့ကို အကြောင်းကြားစာ ဒီနေ့က တစ်ခါတည်းပေးလိုက်ပါတယ်။ နောက်ရုံးချိန်းမှာ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အရ မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးကို ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ နောက်ရုံးချိန်းကို ၂၀၂၀ ဇန်နဝါရီလ ၇ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ် " ဟု ရန်ကင်းမြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီး ဦးထွန်းနိုင်ဝင်းက ပြောကြားခဲ့သည်။


မိုးအောင်ရင်ကို အာမခံပေးခဲ့သည့်အခြေအနေနှင့်ပတ်သက်ပြီး ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက “ဒီအမှုက အာမခံရတဲ့အမှုဆိုတော့ အာမခံပေးမှာပဲ ။ ခံစားချက်အနေနဲ့ကတော့ ဘာခံစားချက်မှ မရှိပါဘူး၊ အမှုကိုအမှန်အတိုင်းပဲဖြစ်စေချင်ပါတယ်။ နောက်ရုံးချိန်းကို ၇ ရက်နေ့ ပြန်ချိန်းပေးထားပါတယ်။ တိုက်ခိုက်တာတွေ ဝေဖန်တာတွေကိုတော့ ဘာမှမပြောချင်ဘူး။ သူတို့က ကိုယ်လည်းမဟုတ်ဘူးလေ ဒီလိုလုပ်လိုက်တယ်ဆိုရင်တော့ အပြောခံရမှာပဲလေ ကောင်းတာပြောတဲ့သူရှိမယ် ဆိုးတာပြောတဲ့သူရှိမယ်။ ဝေဖန်တာတွေကိုတော့ သိပ်ပြီးဂရုမစိုက်ပါဘူး” ဟု ပြောကြားခဲ့သည်။

မိုးအောင်ရင်၏ ရည်းစားဟောင်းဖြစ်သူဟုဆိုသည့် မခင်မြတ်နိုးက နိုဝင်ဘာ ၂၂ ရက်က ရန်ကင်းမြို့နယ်တရားရုံးသို့ လာရောက်ပြီး သရုပ်ဆောင်မိုးအောင်ရင်က ၄င်းအား လက်ထပ်မည်ဟု ပြောဆိုပြီး ကာမလိမ်လည်ရယူကာ လက်ထပ်ခြင်းမရှိဟုဆိုပြီး လာရောက်ဦးတိုက်လျှောက်ထားတရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ရန်ကင်မြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိထံမှ သိရသည်။

ထိုသို့တရားစွဲဆိုရာ ရန်ကင်းမြို့နယ်တရားရုံးမှ တရားလိုဖြစ်သူအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂ဝဝအရ စစ်ဆေးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၄၁ရဖြင့် ဆက်လက်ဆောင်ရွက်သွားရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကင်းမြို့့နယ်တရားရုံးမှ သိရသည်။

သရုပ်ဆောင်မိုးအောင်ရင်ကို တရားစွဲဆိုထားသည့် ပုဒ်မ ၄၁ရမှာ လိမ်လည်မှုပုဒ်မဖြစ်ပြီး မည်သူမဆို လိမ်လည်မှုကိုကျူးလွန်လျှင် ထိုသူကို သုံးနှစ်အထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ရာဇသတ်ကြီးဥပဒေမှာ ပြဋ္ဌာန်းထားကြောင်းသိရသည်။

 သရုပ်ဆောင်မိုးအောင်ရင်အနေဖြင့် ၄င်း၏ ချစ်သူဖြင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အွန်လိုင်းမီဒီယာတစ်ခုတွင် အင်တာဗျူးဖြေကြားခဲ့ပြီးနောက်ပိုင်း ယခုလိုတရားစွဲဆိုခြင်းခံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သရုပ်ဆောင်မိုးအောင်ရင်သည် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်သြဂုတ်လအတွင်း မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့တာကြောင့် ၂၀၁၈ ခုနှစ်နိုဝင်ဘာလမှာ ပုဇွန်ထောင်မြို့နယ် တရားရုံးက ထောင်ဒဏ် ၅ နှစ်နှင့် ဒီဇင်ဘာလမှာ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၁၂ နှစ်ကျခံစေရန်
အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။

ထိုသို့ အမိန့်ချမှတ်ခံရပြီးနောက် ၂၀၁၉ မေလမှာ သရုပ်ဆောင်မိုးအောင်ရင်ဟာ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်းက အကျဉ်းထောင်အချို့တွင် သမ္မတလွတ်ငြိမ်းသက်သာခွင့်သည် တန်းတူညီမျှမှုမရှိဟုဆိုကာ ထောင်ဆူပူမှုတွေ ဖြစ်ပွားခဲ့ပြီး အကျဉ်းထောင်ဆူပူမှုများအနက် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုအကျဉ်းထောင်တွင် အပြင်းထန်ဆုံးဖြစ်ခဲ့ကာ အကျဉ်းသားလေးဦး သေဆုံးခဲ့ကြောင်းလည်း သိသည်။

 မေ ၈ ရက် ညနေတွင် စတင်ဖြစ်ပွားခဲ့သည့် ရွှေဘိုထောင်အကျဉ်းသားဆူပူမှုမှာ နာရီပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့ပြီး အကျဉ်းသူ၊ အကျဉ်းသားတွေက မူးယစ်မှုဖြင့် အကျဉ်းကျခဲ့သူ မိုးအောင်ရင်လွတ်မြောက်ခဲ့မှုအပေါ်  ရွှေဘိုထောင်ရှိ မူးယစ်အမှုဖြင့် ထောင်ကျနေသူများကိုပါ လွတ်ငြိမ်းခွင့်ပြုရန်၊ တန်းတူညီမျှမှု အခွင့်အရေးရရှိရေး၊ မှန်မှန်ကန်ကန် ဖြစ်စေရေး စသည့်အချက်များ ကို တောင်းဆိုကာ ဆူပူမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Credit;Eleven Media Group

Comments